မွေးမြူရေးပညာဌာနသည် နိုင်ငံတော်၏မွေးမြူရေးလုပ်ငန်းဖွံဖြိုးတိုးတက်ရေး အတွက် အဓိကအရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်လျက်ရှိပြီး တက္ကသိုလ်စတင် ဖွင့်လှစ်ခဲ့သည့် ၁၉၅၇ ခုနှစ် ကတည်းက ကျောင်းသား/သူများအား မွေးမြူရေးဆိုင်ရာ ပညာရပ်များကို စာတွေ့/လက်တွေ့ မျှ​ဝေပေးရာအဓိကဌာနကြီး တစ်ခုအဖြစ် ရပ်တည်ခဲ့ပါသည်။

တက္ကသိုလ်စတင်တည်ထောင်ခဲ့သည့် ၁၉၅၇ ခုနှစ်တွင် မွေးမြူရေးပညာဌာန၏ ပထမဉီးဆုံး ဌာနမှူးမှာ Dr. R.B. Griffith ဖြစ်ပါသည်။ ၁၉၈၃ ခုနှစ်တွင် တက္ကသိုလ်ပိုင်  သရုပ်ပြမွေးမြူရေးခြံကို မွေးမြူရေးပညာဌာနက တာဝန်ယူ ဆောင်ရွက်ခဲ့ရပြီး ဘွဲ့ကြို၊ ဘွဲ့လွန် ကျောင်းသား/ကျောင်းသူများအတွက် စာတွေ့ လက်တွေ့သင်ကြားမှု အထောက်အကူ များစွာရရှိခဲ့ပါသည်။

၁၉၉၆ ခုနှစ်တွင် ၎င်းသရုပ်ပြမွေးမြူရေးခြံကို မွေးမြူရေးအစားအစာနှင့် နို့ထွက်ပစ္စည်းလုပ်ငန်းထံသို့ လွှဲပြောင်းပေးခဲ့ရသော်လည်း ကျောင်းသူကျောင်းသားများကို လက်တွေ့ပြသရန်အတွက် တက္ကသိုလ်ပိုင် ဒေသနွားမွေးမြူရေးခြံကို ဆက်လက်  တာဝန်ယူ ခဲ့ရပါသည်။

ထို့နောက်ဝန်ကြီးဌာန၊တက္ကသိုလ်နှင့် ပြင်ပမွေးမြူရေးကုမ္ပဏီများ၏ ပူးပေါင်း ဆောင်ရွက်မှုဖြင့် သင်ကြားမှုအထောက်အကူပြု သရုပ်ပြမွေးမြူရေးခြံများ ဆက်လက် ပေါ်ပေါက်ခဲ့ပါသည်။ ၂၀၁၀ ခုနှစ်တွင် တက္ကသိုလ်နှင့်မြန်မာစီပီလိုက်ဖ်စတော့ခ် ကုမ္ပဏီတို့ ဖက်စပ်ပူးပေါင်း၍ သရုပ်ပြကြက်မွေးမြူရေးခြံများ (အသားစားကြက်နှင့်ဥစားကြက်)၊ သရုပ်ပြ နွားမွေးမြူရေးခြံတို့ကိုတည်ဆောက်ဖွင့်လှစ်ခဲ့ပါသည်။ ၎င်းခြံများကို မြန်မာစီပီလိုက်ဖ်စတော့ခ် ကုမ္ပဏီမှ အဓိကတာဝန်ယူဆောင်ရွက်ပြီး အခြားလိုအပ်သည့် အရာများကို တက္ကသိုလ်မှ စီစဉ်ထောက်ပံ့ပေးပါသည်။ ၂၀၁၆−၂၀၁၇ ပညာသင်နှစ်တွင် သရုပ်ပြနို့စားနွားမွေးမြူရေးခြံနှင့် ၂၀၂၀-၂၀၂၁ ပညာသင်နှစ်တွင် သရုပ်ပြ ဝက်မွေးမြူရေးခြံတို့ကို နိုင်ငံတော် ဘတ်ဂျက်ဖြင့် ထပ်မံတည်ဆောက်ခဲ့ပါသည်။ ထို့အပြင် ၂၀၁၇ခုနှစ်တွင် Japfa Company Ltd. နှင့် မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်တို့ ပူးပေါင်း၍ သရုပ်ပြ အသားတိုးနွားမွေးမြူရေးခြံနှင့် စားကျက်မြေ ၇ ဧကတို့ကိုဖော်ဆောင်ခဲ့ပါသည်။ အထက်ပါသရုပ်ပြမွေးမြူရေးခြံများတွင် မွေးမြူရေးပညာဌာန၏ ဦးဆောင်ကြီးကြပ်မှုဖြင့် ဘွဲ့ကြိုကျောင်းသားကျောင်းသူများ လက်တွေ့ လေ့လာရန်နှင့် မဟာဘွဲ့နှင့် ပါရဂူဘွဲ့သင်တန်းသားများအတွက် သုတေသန ပြုလုပ်ခြင်းများတွင် များစွာ အထောက်အကူဖြစ်စေခဲ့ပါသည်။