လူသားတို့ အသက်ရှင်ရပ်တည်မှုအတွက် အရေးကြီးဆုံးလိုအပ်ချက် သုံးခုဖြစ်သော စားရေး၊ ဝတ်ရေးနှင့် နေရေးတို့တွင် စားရေးသည် အသက်ရှင်သန်မှုအတွက် ပဓာနအကျဆုံး လိုအပ်ချက် ဖြစ်ပေသည်။ စားရေးဟုဆိုရာတွင် အဟာရဓာတ်ပြည့်စုံမျှတစွာ စားသုံးရမှုသည် အသက်ရှင် ရပ်တည်မှုအတွက်သာမက ကျန်းမာအသက်ရှည်ရေးအတွက်လည်း လွန်စွာအရေးပါ လှပေသည်။ ထိုသို့ အဟာရဓာတ်ပြည့်စုံမျှတစွာ စားသောက်သည်ဟု ဆိုရာတွင် ခန္ဓာကိုယ်အတွက် လိုအပ်သော ပရိုတင်း၊ အဆီ၊ ကာဗိုဟိုက်ဒရိတ်၊ ဗိုက်တာမင်နှင့် သတ္ထုဓာတ် တည်းဟူသော အခြေခံလိုအပ်ချက်များ ညီညွတ်မျှတပြည့်စုံစွာ စားသောက်ကြရပေသည်။ လူတို့၏ အသက်ရှင်သန်ရပ်တည်မှု၊ ကျန်းမာကြံ့ခိုင်မှုတို့အတွက် အဓိကလိုအပ်သော ပရိုတင်းဓာတ် ခေါ် အသားဓာတ်၊ နို့နှင့် ဥများကို တိရစ္ဆာန်မွေးမြူရေး လုပ်ငန်းမှသာ ဖြည့်ဆည်းပေးကြရသည်။
ထို့ကြောင့်ပင် လူတို့ အသက်ရှင်ရပ်တည်မှုအတွက် အဓိကလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန် အတွက် နိုင်ငံတိုင်းတွင် ပြည်သူများအတွက် မွေးမြူရေး လုပ်ငန်းများကို လုပ်ဆောင်ကြရသည်။ မွေးမြူရေးပညာရှင်များကို မွေးထုတ်ကြရသည်။ မွေးမြူရေးပညာရပ်များကို တိုးတက်ထွန်းကား ပြန့်ပွားအောင် ဆောင်ရွက်ကြရသည်။ မြန်မာနိုင်ငံတွင်လည်း ၁၉၅၇ ခုနှစ် မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်၏ ပင်မသန္ဓေ တည်ရာ ရန်ကုန်မြို့ အင်းစိန် တိရစ္ဆာန်ဆေးကုသရေးနှင့် မွေးမြူရေးသင်တန်းကျောင်း စတင်တည်ထောင်စဉ်ကထဲကပင် မွေးမြူရေးပညာ ဘာသာရပ်ကို ထည့်သွင်းပြဌာန်း သင်ကြားပို့ချပေးခဲ့သည်။ ထိုသို့ အစဉ်အလာကြီးမားခဲ့သော မွေးမြူရေး ပညာဌာနတွင် ကျွန်မသည် ပါမောက္ခ/ဌာနမှူးအဖြစ် ၂၀၁၁ ခုနှစ်မှ ယနေ့ထက်တိုင် ဂုဏ်ယူစွာ တာဝန်ထမ်းဆောင်ခွင့် ရရှိခဲ့ပါသည်။
မြန်မာနိုင်ငံသည်လည်း မွေးမြူရေးကဏ္ဍ၏အရေးပါအရာရောက်ပုံကို ကောင်းစွာ သဘောပေါက်သိရှိနားလည်သော နိုင်ငံတစ်ခုဖြစ်သည်နှင့်အညီ မူလက တိရစ္ဆာန်ဆေးကု ပညာရပ်ကိုသာ အဓိက ဘာသာရပ်အဖြစ် သင်ကြားပို့ချ မွေးထုတ်ပေးခဲ့သော အမိတက္ကသိုလ်တွင် ၂၀၁၄ ခုနှစ်မှ စတင်၍ မွေးမြူရေးပညာ အထူးကု BASc ဘွဲ့ကိုပါ ဖော်ထုတ်တီထွင်ပြီး အနာဂတ် နိုင်ငံတော် အတွက် သားငါးကဏ္ဍလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မည့် မွေးမြူရေးပညာရှင်များ မွေးထုတ် ပေးစေနိုင်ရန် စီစဉ်ဆောင်ရွက်ခဲ့ကြပြီးဖြစ်ပါသည်။ အမှန်စင်စစ်တွင်လည်း မွေးမြူထုတ်လုပ်သူ ပညာတတ်များ မွေးထုတ်ပေးနိုင်မှသာ နိုင်ငံသားတို့အတွက် သား၊ ငါး ဥ၊ နို့စသော ပရိုတင်းဓာတ်လိုအပ်ချက်ကို ပြည့်စုံအောင် ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ပေသည်။ နေ့စဉ်တိုးပွားနေသော လူဦးရေအတွက် သား ငါး ဥ နို့ လိုအပ်ချက်သည် အမြဲတစေ တိုးတက် လိုအပ်နေမည်သာဖြစ်သည်။ အဆိုပါလိုအပ်ချက်ကို ဖြည့်ဆည်းပေးနေသည် ကလည်း မွေးမြူရေး လုပ်ငန်းများကသာ အဓိကကျသည်မို့ နိုင်ငံတော်နှင့် ပြည်သူတို့အတွက် သား ငါး ဥ နို့ လိုအပ်ချက် များကို ဖြည့်ဆည်းပေးနိုင်မည့် မွေးမြူရေးပညာရှင်များ မွေးထုတ်ရာတွင် အရေးပါ အခရာကျ လှသော မွေးမြူရေးပညာဌာနနှင့် မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်တို့သည် အမိနိုင်ငံတော် တည်ဆောက်ရေးအတွက် အုတ်တစ်ချပ် သဲတစ်ပွင့် ပါဝင်ဆောင်ရွက်ခွင့် ရရှိနေမည်သာ ဖြစ်ပါကြောင်း မွေးမြူဆေးကု တိုင်းပြည်ပြုနေမည်သာ ဖြစ်ပါကြောင်း ရည်ညွှန်းလိုက်ရပါသည်။